Myit Rum Ni

Get Downloader

Torrents Ra Jang

12 Feb 2008

PostHeaderIcon နအဖ၏ အမျိုးသားညီလာခံမှ ထွက်လာသော အခြေခံ ဥပဒေကို ကန့်ကွက်ရသော အကြောင်းအရင်း .

matut shana ai ....Dum nga n-ngai

(လက်တွေ့အားဖြင့် နအဖက ယခု ပြုလုပ်မည်ဟုပြောသော ဆန္ဒခံယူပွဲဆိုသည်မှာ ယုတ္တိကင်းမဲ့လွန်းလှပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူပေါင်း သန်း(၅၀) တွင် လူဦးရေ တစ်သောင်းပြည့်အောင်ပင် သူတို့ ရေးဆွဲနေသော အခြေခံမူတွင် ပါဝင်သော အချက်များကို လုံးဝ သိရှိခြင်း မရှိပေ။ ပြည်သူများ မသိသည်ကိုလည်း သိရှိလာနိုင်အောင် ထိရောက်သည့် သတင်းထုတ်ပြန်ခြင်းမျိုး လုံးဝ မရှိခဲ့ပေ။

ထိုသို့ လူမသိသော အခြေခံမူကို ပြည်သူတွေက ထောက်ခံခြင်း ရှိ၊ မရှိ ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ပြောနေခြင်းမှာ အဆိုပါ နအဖ တဖွဲ့လုံး မည်မျှအထိ အာဏာရူးကာ ဦးနှောက်မဲ့နေသည်ကို ဖေါ်ပြနေခြင်းသာ ဖြစ်ပါသည်။ အထက်ပါ အချက် တစ်ချက်ထဲဖြင့်ပင် နအဖ ပြုလုပ်မည် ဖြစ်သော ဆန္ဒခံယူပွဲကို ကန့်ကွက်ရန် လုံလောက်သော အချက်ဖြစ်နေပါသည်။

နောက်တချက် အားဖြင့်လည်း အမျိုးသားညီလာခံကို ဝေဖန်သည့်သူများအား ထောင်နှစ်ရှည် ချနိုင်သည့် ဥပဒေများထုတ်ပြန်ထားခဲ့ပြီး ပြည်သူများ ဝေဖန်နိုင်စွမ်းမရှိသော အခြေခံဥပဒေအား ပြည်သူများက ထောက်ခံရမည် ဆိုသည်မှာလည်း အတော်ပင် ယုတ္တိမဲ့နေပြန်ပါသည်။)

( ဃ ) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းပြီး

-၁၂ - ( ၁ ) နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။

ရှိရင်းစွဲ တိုင်းဒေသကြီး ( ၇ ) ခုနှင့် ပြည်နယ် ( ၇ ) ပြည်နယ်သည် အဆင့်အတန်း တူညီသည်ဟု အောက်ဖေါ်ပြပါ ပြဌာန်းချက် (၁၃) ချက်ကြောင့် အခြေခံမူ ( ၁၂ ) ကို သွေဖည်သွားစေပါသည်။

-၁၃ - ( ၂ ) ရှိရင်းစွဲ ( ၇ ) တိုင်းကို တိုင်းဒေသကြီး (Region) ၇ ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် ( ၇ ) ပြည်နယ်ကို ပြည်နယ် (State) ၇ ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်းဒေသကြီး(၇) ခုနှင့် ပြည်နယ် ( ၇ ) ပြည်နယ်တို့သည် အဆင့်အတန်း တူညီသည်။

အခြေခံမူ ( ၁၃ ) သည် ကျွဲတစ်ဖက်၊ နွားတစ်ဖက် ပြည်ထောင်စု သဘောကို သက်ရောက်စေပါသည်။ တိုင်းဒေသကြီး (၇)ခု ဆိုသည်မှာ လက်ရှိ အခေါ်များကို အမည်ပြောင်းလဲထားခြင်းသာ ဖြစ်ပါသည်။( ၁၉၄၇ ) အခြေခံဥပဒေတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် ဟူ၍ နိုင်ငံရေး ဆိုင်ရာဒေသများကို ပြည်နယ်ဟူ၍ သတ်မှတ် ခေါ်တွင်ခဲ့ပါသည်။ ကျန် စစ်ကိုင်း၊ မန္တလေး၊ ရခိုင် တိုင်းတို့မှာ အုပ်ချုပ်ရေးဆိုင်ရာဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။ ချင်းတောင် ဒေသသည် ထိုစဉ်က ပြည်နယ်အဆင့်ကို ရယူရန် အဆင်သင့် မဖြစ်သေးသောကြောင့် ၀ိသေသတိုင်းဟူ၍သာ လက်ခံ ကျင့်သုံးခဲ့ပါသည်။ (၁၉၇၄) အခြေခံ ဥပဒေ အရမှသာလျှင် ပြည်နယ်အဖြစ်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ ထိုကြောင့် ပြည်နယ်ဆိုသည်မှာ တိုင်းထက် အဆင့်မြင့်ကြောင်း တန်းတူသတ်မှတ်၍ မရကြောင်း အထောက်အထားများစွာ ရှိပါသည်။

လွှတ်တော်ကဲ့သို့ ပြည်ထောင်စုဆိုင်ရာဆွေးနွေးပွဲများတွင် ပြည်နယ်တစ်ခု အနေဖြင့် မဲတစ်မဲသာ ရယူသင့်သော ဗမာပြည်နယ်က ( ၇ ) မဲရအောင် အကြံ အဖန်လုပ်ထားခြင်းသာဖြစ်သည်။ ထိုသို့ အခြေခံအားဖြင့် အဆင့်အတန်းမတူသော တိုင်းဒေသကြီး ( ၇ ) နှင့် ပြည်နယ် ( ၇ ) ကို အဆင့်တူ သတ်မှတ်ခြင်းသည် လူမျိုးကြီးဗမာများ နေထိုင်ရာကို တမင် အဆင့်မြင့်ထားသောကြောင့် အင်အားချိန်ခွင်လျှာညှိသည့် ရည်ရွယ်ချက်ကို ထင်ရှားစေသဖြင့် လူမျိုးကြီးနှင့် လူမျိုးငယ်များအကြား သံသယကို ဖြစ်စေပါသည်။ ( ၁၉၄၇ ) အခြေခံဥပဒေသည် ထိုအမှားမျိုးကို ကျူးလွန်ခဲ့သောကြောင့် မကျေနပ်မူများရှိခဲ့သည်ကို သာဓကများရှိခဲ့သောကြောင့် ထပ်မံ၍ အမှားမျိုး ပြုလုပ်ခြင်းမှာ မသင့်တော်ကြောင်းထောက်ပြလိုပါသည်။



-၁၄ - ( ၃ ) ထိုတိုင်းဒေသကြီး ( ၇ ) ခုနှစ်၊ ပြည်နယ် ( ၇ ) ပြည်နယ်တို့ အမည်များကို ရှိရင်းစွဲအတိုင်း ခေါ်ဆိုသုံးနှုံးသည်။

အခြေခံမူ ( ၁၄ ) အရ ၄၇-ပင်လုံစာချုပ်မူအရ သဘောတူလက်ခံခဲ့ကြသော လူမျိုးရေး တန်းတူညီမျှမူကို အခြေခံသောကြောင့် လူမျိုးကြီး (၈) မျိုးကို အခြေခံသော ( ၈ ) ပြည်နယ် ပြည်ထောင်စုကို ဖွဲ့စည်းမှသာလျှင် လမ်းမှန်ဖြစ်သည်။ ယခု သတ်မှတ်ပြဌာန်းသောမူအရ လူမျိုးရေး တန်းတူညီမျှမူဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ဖြစ်မလာတော့ဘဲ မဟာဗမာ ပြည်ထောင်စုသာလျှင် ဖြစ်လာပေတော့မည်။ ထိုသို့သော ပြည်ထောင်စုမျိုးသည် တာရှည် တည်တန့် ခိုင်မြဲမည် မဟုတ်ပေ။


-၁၅ - ( ၄ ) တိုင်းဒေသကြီး တစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ပြည်နယ် တစ်နယ်၏ အမည်ကိုဖြစ်စေ ပြောင်းလဲ သတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ ဆန္ဒရယူပြီး ဥပဒေပြဌာန်း ခြင်းဖြင့်ပြောင်းလဲသတ်မှတ်သည်။


-၁၆- ( ၅ ) တိုင်းဒေသကြီးများ သို့မဟုတ် ပြည်နယ်များတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရရှိပြီးသည့် တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သည့် လူဦးရေရှိပြီး နယ်မြေ တဆက်တစပ်တည်းတွင် စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများ (Self Administered Areas) သတ်မှတ်ပေးရန်ဖြစ်သည်။


-၁၇ - ( ၆ ) ထိုသို့ သတ်မှတ်ရာတွင် လူဦးရေနှင့်နယ်မြေ အကျယ်အ၀န်းအပေါ် အခြေပြု၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (Self Administered Division) သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (Self Administered Zone) အဖြစ် သင့်လျော်သလို သတ်မှတ်ပေးရန်ဖြစ်သည်။


-၁၈ - ( ၇ ) နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့်နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ မခွဲထွက်ရဟု အခြေခံမူများချမှတ်ပါသည်။

အခြေခံမူ ( ၁၈ ) အရ ခွဲထွက်ပိုင်ခွင့် ဆိုသည်မှာ ပြည်နယ်တိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်သောကြောင့် တားဆီး၍မရပါ။ ခွဲထွက်ခွင့်ကို မဖေါ်ပြထားသော်လည်း ပေါင်းစည်းခြင်းအားဖြင့် အလိုအလျှောက် ခွဲထွက်ခွင့်ရှိသည်ကို သိရှိနားလည်ရန်လိုအပ်သည်။

( င ) နိုင်ငံတော် အကြီးအကဲနှင့် စပ်လျဉ်းပြီး

-၁၉ - ( ၁ ) နိုင်ငံတော် အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်။

သမ္မတ၏ အဆင့်အတန်းကို သတ်မှတ်ရာတွင် စစ်မှုထမ်းသော ဗိုလ်ချုပ်ကြီးများကို ဦးစားပေးခြင်းမရှိစေရ။ ယခုဖွဲ့စည်းပုံအရ သမ္မတသည် စစ်ရေးတတ်ကျွမ်းရမည်ဆိုသောကြောင့် ဗိုလ်ချုပ်ကြီးများသာလျှင် သမ္မတဖြစ်ပေါ်လာရေးကို တံခါးဖွင့်ပေးထားရာရောက်ပါသည်။

-၂၀ - ( ၂ ) နိုင်ငံတော် သမ္မတကို ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်မည်ဟု အခြေခံ မူများချမှတ်ပါတယ်။

( စ ) နိုင်ငံတော် အချုပ်အခြာအာဏာ ပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်း၍

-၂၁ - ( ၁ ) နိုင်ငံတော် အချုပ်အခြာအာဏာ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိမ်းကျောင်းခြင်းတို့ ပြုသည်။

-၂၂- ( ၂ ) ထိုသို့ ပိုင်းခြားထားသည့် နိုင်ငံတော် အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

အထက်ပါ အခြေခံမူ ( ၂၁ ) ( ၂၂ )သည် အုပ်ချုပ်ရေး အာဏာပိုင်များက တရားစီရင်ရေး ကဏ္ဍတွင် ၀င်ရောက်စွက်ဖက်နိုင်ရန် လမ်းဖွင့်ထားသည့် သဘောဖြစ်၍ (လုံးဝ) မှားယွင်းမှု ဖြစ်သည်။ အာဏာသုံးးရပ်သည် သီးခြား ကင်းလွတ်မှသာလျှင် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် ဖြစ်နိုင်ပါသည်။

( ဆ ) ဥပဒေပြုရေးနှင့် စပ်လျဉ်းပြီး - -

-၂၃ - ( ၁ ) နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေး အာဏာကို ခွဲဝေအပ်နှင်းမည်။

-၂၄ - ( ၂ ) ပြည်ထောင်စု လွှတ်တော်တွင် လူဦးရေကို အခြေခံရွေးချယ်တင်မြှောက်သည့် လွှန်တော်တစ်ရပ်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စာလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ် ပေါင်းနှစ်ရပ်ပါရှိသည်။

-၂၅- ( ၃ ) တိုင်းဒေသကြီး ( ၇ ) ခုတွင် တိုင်းဒေသကြီး လွှတ်တော် တစ်ရပ်စီနှင့် ပြည်နယ် ( ၇ ) ပြည်နယ်တွင် လွှတ်တော် တစ်ရပ်စီရှိသည်။

-၂၆- ( ၄ ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။

-၂၇- ( ၅ ) လျှော်ကန်သင့်မြတ်သည့် လူဦးရေ ရှိသည့် တိုင်းရင်းသား လူမျိုးများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

အခြေခံမူ (၂၃-၂၄-၂၅-၂၆-၂၇)အရ အမည်ခံ ပြည်ထောင်စုမျိုးသာ ဖြစ်ပြီး စစ်မှန်သော ပြည်ထောင်စုမျိုး မဟုတ်ပေ။ လွှတ်တော်ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီး ( ၇ ) ခုကို ရည်ညွန်းထားသောကြောင့် မဟာဗမာ ပြည်ထောင်စုမျိုးသာ ပေါ်လွင်စေသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်လည်း တပ်မတော်မှ ရွေးချယ် ယှဉ်ပြိုင်မူ မရှိဘဲ အလိုအလျှောက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခြင်းကြောင့် အခြေခံ ဒီမိုကရေစီနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ မဟာစစ်အာဏာရှင် ပြည်ထောင်စု သဏ္ဍန်ပေါ်ပေါက်ရေးကို ဖန်တီးထားသောကြောင့် ဗမာအပါအ၀င် တိုင်းရင်းသား ပြည်သူအပေါင်း တပြေးညီ နစ်နာပေမည်။

ဆက်ရန်
(P.S မှတ်ချက်။ ။ယခု ရေးသားထားသော အချက်များသည် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းကိုယ်တိုင် ဦးစီးထုတ်ဝေသော အခြေခံမှု ၁၀၄ ချက်အပေါ် ဦးအောင်တိုး ရှင်းပြသည့် စာအုပ်ပါ အချက်များကို ပြန်လှန်ဝေဖန်ခြင်းသာ ဖြစ်ပါသည်။ အနက်ဖြင့်ရေးထားသော စာများသည် ကျော်ဆန်း ဦးစီးသော စာအုပ်ပါ စာများ ဖြစ်၍ အနီဖြင့်ရေးထားသော စာများသည် ဝေဖန်ထားသော စာများ ဖြစ်ပါသည်။)

0 comments:

Post a Comment

Chyeju kaba sai

++SJ++

Dream to become IT Admin

Lai Sai Ten Na Laika Ni

My Videos